뉴스

SBS 뉴스 상단 메뉴

[취재파일] 미얀마 NUG 두와 라시 라 대통령 대행 인터뷰 미얀마어 전문

[취재파일] 미얀마 NUG 두와 라시 라 대통령 대행 인터뷰 미얀마어 전문
동남아시아국가연합, 아세안이 어제(26일)부터 화상 정상회의를 열고 미얀마 사태를 논의하는 가운데, 미얀마 국민통합정부를 이끄는 두와 라시 라 대통령 대행을 SBS가 단독 인터뷰했습니다.
다음은 10월 25일 진행된 두와 라시 라 대통령 대행과의 인터뷰 미얀마어 전문입니다.
▶ 한국어 인터뷰 전문
▶ [단독] "매일 총격전…군부 돈줄 될 투자 중단해야"
 

미얀마 국민통합정부, NUG의 두와 라시 라 대통령 대행 인터뷰

Q.သမ္မတကြီးရှင် တွေ့ရတာဝမ်းသာပါတယ်။ ကျမကတော့ SBSက ဂင်ဟဲယောင်ဖြစ်ပါတယ်။ အင်တာဗျူးမစခင်မှာ
မြန်မာစစ်တပ်ကြောင့် အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းများစွာအတွက် ဝမ်းနည်းကြောင်းဖော်ပြအပ်ပါတယ်။
အခုလို အခက်အခဲတွေကြားက ကျမတို့ SBSအင်တာဗျူးကို လက်ခံပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
A. ဝမ်းသာပါတယ်။

Q.သမ္မတကြီး အခုနေထိုင်နေတဲ့နေရာကို ပြောပြဖို့ခက်ခဲမယ်ဆိုတာ နားလည်သဘောပေါက် ပါတယ်။ အခု လုံခြုံစိတ်ချရတဲ့နေရာမှာ နေထိုင်နေပါသလား။
A. ကျွန်တော်ဟာ မြန်မာ့မြေပေါ်မှာပဲ နေပါတယ်။ အများအားဖြင့် စိတ်ဝင်စားကြတာက ကျွန်တော်တို့ဟာ နိုင်ငံခြားမှာများ ရောက်နေသလားဆိုတဲ့ သံသယစိတ်တွေ အများကြီး ဖြစ်ကြပါတယ်။ အဲဒါက ဘာကြောင့်လဲဆို‌တော့ ဟိုတုန်းက NCGUB(National Coalition Government of the Union of Burma)ဆိုတာက အဝေးရောက်အစိုးရဖြစ်ပါတယ်။ ကျွန်တော်တို့က အဝေးရောက်အစိုးရ မဟုတ်ပါဘူး။ Shadow အစိုးရလည်း မဟုတ်ပါဘူး။ တကယ့်ကို တရားဝင်အစိုးရဖြစ်ပါတယ်။ မြန်မာ့မြေပေါ်မှာပဲ နေပါတယ်။ ဘယ်မှာ ဘယ်ဒေသဆိုတာတော့ ကျွန်တော် အတိအကျ ပြောလို့ မဖြစ်လို့ မြန်မာ့မြေပေါ်မှာပဲ တကယ် ရှိပါတယ်လို့ ဖြေကြားချင်ပါတယ်။

Q.စစ်တပ်ရဲ့ ဖမ်းဝရမ်းကြောင့် စောင့်ကြည့်ခံနေရတယ်လို့ ကြားသိရလို့ပါ။ သမ္မတကြီး ဘေးကင်းသလားဆိုတာကို သိချင်တာပါရှင်။
A. ဘေးကင်းပါတယ်။ ဘေးကင်းတယ်လို့တော့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါပေမဲ့ အန္တရာယ်က လက်တစ်ကမ်းစာမှာ ရှိပါတယ်။

Q.စစ်တပ်ဟာ စက်တင်ဘာလ တစ်လအတွင်း ပြည်သူ (၁၀၀)ကျော်ကို သတ်ဖြတ်ခဲ့တယ်။ အောက်တိုဘာလမှာ ၁၁နှစ်အရွယ် ကလေးငယ်ပါမချန် သတ်ဖြတ်ခဲ့သလို အပြစ်မဲ့ ပြည်သူတွေကိုလည်း ဆက်တိုက် အကြမ်းဖက် ဖိနှိပ်လာခဲ့ပါတယ်။ စစ်အာဏာသိမ်းခံရပြီး (၉)လတာ ကာလအတွင်း ပြည်သူများ သေဆုံး၊ထိခိုက်၊ပျောက်ဆုံး၊ဖမ်းဆီးခံ စတဲ့ နစ်နာမှု အတိုင်းအတာက ဘယ်လောက်တောင် ရှိနေပါသလဲ။
A. ဟုတ်ကဲ့၊ ကျွန်တော်တို့ ခုအချိန်ထိ ကျွန်တော်တို့ရဲ့ ပြည်သူလူထုကို စစ်ကောင်စီကနေ ပစ်ခတ်သတ်ဖြတ်သွားတာက AAPP သတင်းထုတ်ပြန်ချက်အရ သေဆုံးတဲ့လူပေါင်းက (၁၁၉၆)ယောက်ရှိသွားပြီလို့ သိရပါတယ်။ ဖမ်းဆီးခံရသူအပေါင်းကတော့ (၉၁၇၅)ဦး ရှိပါပြီ။ ဖမ်းဆီးထားတဲ့ လက်ရှိမှာတော့ (၇၀၀၀)ကျော် ရှိနေသေးတယ်။ ထောင်ချခံသွားရတာကတော့ (၃၀၀)ကျော် ရှိပါတယ်။ ဒီ အာဏာသိမ်းမှုကြောင့် ပြည်သူတစ်ရပ်လုံးအနေနဲ့ ကျွန်တော်တို့ အများကြီး နစ်နာပါတယ်။ ဒီ တော်လှန်ရေးအတွက် ကျွန်တော်တို့ အရင်းအနှီး ထည့်ထားတယ်လို့ပဲ ကျွန်တော်တို့ ယူဆပါတယ်။ ပြည်သူလူထုကလည်း တကယ့်ကို သူတို့ အနာဂတ်မှာ ကျွန်တော်တို့ လွတ်လပ်တဲ့ ပြည်သူလူထု ဆန္ဒနဲ့အညီ အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ဖို့ သူတို့ အခုလို အသက်တွေ စတေးနေကြတာ ဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်။
Q.ပြည်သူ့ကာကွယ်ရေးတပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များရဲ့ ခုခံစစ်ပွဲတွေ ပြင်းထန်နေပြီး ချင်းပြည်နယ်အပါအဝင် ဒေသအချို့မှာ စစ်တပ်ကို ခုခံမှုကြောင့် ထိခိုက် ပျက်စီးသေဆုံးမှုတွေလည်း အများအပြားရှိနေတယ်လို့ ကြားသိရပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့က ယူအန် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲ ရောက်နေပြီလို့ ပြောခဲ့ပါတယ်။ လက်ရှိ အခြေအနေ ဘယ်လိုရှိပါသလဲ။
A. ဟုတ်ကဲ့၊ အဲဒီမှာ အဓိကကတော့ ကျွန်တော်တို့နိုင်ငံမှာ အခု ကုလသမဂ္ဂ Special envoy အထူးကိုယ်စားလှယ်က ပြည်တွင်းစစ် ဖြစ်တော့မယ်ဆိုပြီးတော့ ပြောသွားတာနဲ့ ပတ်သက်ပြီးတော့ (ဖြစ်နေပါပြီ)လို့ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။ ဖြစ်နေတာကတော့ ကြာပါပြီ။ ဟိုးကတည်းက ကျွန်တော်တို့ ပြည်သူလူထု အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ စစ်ဆင်ရေးတွေ အကြီးအကျယ် လုပ်ပြီးတော့ အိမ်တွေ မီးရှို့ဖျက်ဆီးတယ်။ အစားအသောက်တွေ ဖျက်ဆီးတယ်။ လူတွေကို သတ်ဖြတ်တယ်..စသည်ဖြင့် ဖြစ်နေတာ ကြာပါပြီ။ အခုကတော့ ပိုပြီးတော့ ပြင်းထန်လာတဲ့သဘော ရှိပါတယ်။ ကျွန်တော်တို့ အထူးသဖြင့် အခုချိန်မှာ ကျွန်တော်တို့ မေးခွန်းမှာ ပါသလိုပဲ။ ချင်းတောင်ဘက်မှာ စစ်သားတွေ အလုံးအရင်းနဲ့ ပို့လာပါတယ်။ ကားအစင်းပေါင်း (၇၀)ကျော်၊ လူပေါင်း စစ်သားပေါင်း (၄၀၀၀)ကျော် စသည်ဖြင့်ပေါ့နော်၊ အကြီးအကျယ်ကို သူတို့ ပို့ပါတယ်။ အလားတူပဲ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာလည်း အများကြီးပဲ ပို့ပါတယ်။ ဒီလို လုပ်နေခြင်းအပြင် လောလောဆယ် ကျွန်တော်တို့ အကြီးအကျယ် တိုက်နေတာ ကရင်နီ ပြည်နယ်ဘက်မှာလည်း အကြီးအကျယ် တိုက်နေပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ နေပြည်တော် စတဲ့ နေရာတွေမှာလည်း နေ့စဥ်နှင့်အမျှ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ တကယ်တော့ ပြည်တွင်းစစ်ဖြစ်နေပါပြီလို့ပဲ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း သိစေချင်တာက အမြန်ဆုံး ဒါကို ရပ်တန့်သွားအောင် ဘယ်လို လုပ်ကြမလဲ။ NUGအစိုးရနဲ့ ဘယ်လို ချိတ်ဆက်ပြီးတော့ လုပ်ဆောင်ကြမလဲဆိုတာကို ကိုရီးယားအစိုးရ၊ ကိုရီးယားပြည်သူ၊ ကမ္ဘာ့ပြည်သူ အသီးသီးကလည်း အဲဒါကို အလေးအနက်ထားပြီးတော့ စဥ်းစားစေချင်ပါတယ်လို့ ပြောကြားလိုပါတယ်။

Q.သမ္မတကြီးက "ပြည်တွင်းစစ်က ကြာခဲ့ပါပြီ"ဖြေကြားတဲ့အပေါ်မှာ ဘယ်တုန်းက စတင်ခဲ့တာလဲလို့ ထပ်မေးချင်ပါတယ်ရှင့်။ နှစ် ၇၀ လောက် ရှိပြီလို့ ယူဆလို့ ရပါသလား။ သမ္မတကြီး ဆိုလိုတဲ့ အစကာလကို သိပါရစေရှင့်။
A. ကျွန်တော်ကတော့ ပြောချင်တာက တကယ့်အမှန်ကို မလိမ်တမ်းပြောရမယ်ဆိုရင် လွတ်လပ်ရေးရပြီး မကြာခင်ကတည်းက ဗမာပြည်မှာ ကွန်မြူနစ်ပါတီဆိုတာ စပြီးတော့ ဆန့်ကျင်တိုက်ခိုက်လာပါတယ်။ အဲဒီမှာ ဗမာတပ်ရင်းကနေ စပြီးတော့ ပြည်ထောင်စုတပ်ကို တော်လှန်တာ ဖြစ်ပါတယ်။ ဗမာ့တပ်ရင်း ၃ရင်းက တောခိုသွားပါတယ်။ အဲဒီ နောက်ပိုင်းမှာ ကရင်က ဆက်ပြီး တောခိုတယ်။ စသည်ဖြင့် အဲဒီ အချိန်ကနေ တိုင်းပြည်က ထိန်းမရလောက်အောင် အများကြီး ကျွန်တော်တို့ ပြည်တွင်းစစ်တွေ ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဆိုးဝါးတဲ့အချိန်နဲ့ ပေါ့တဲ့အချိန်ပဲ ရှိပါတယ်။ အခုတော့ ပိုပြီးတော့ ပြည်တွင်းစစ်လို့ ပြောနိုင်တာက တစ်ပြည်လုံး ဘယ်ပြည်နယ် ဘယ်မြို့ရွာမှ မကျန်အောင် စစ်တပ်ကို တိုက်ခိုက်နေတာကြောင့် ပြည်တွင်းစစ်က ပိုပြီးတော့ ပီပီပြင်ပြင် ဖြစ်ပါတယ်။ အားလုံးက လက်နက်ကိုင် အကြမ်းဖက် စစ်တပ်ကို ဝိုင်းတိုက်နေကြခြင်းဖြစ်တာကြောင့် ပြည်တွင်းစစ်လို့ ကျွန်တော်တို့ သေချာပေါက် ပြောနိုင်ပါပြီ။

Q.ယာယီသမ္မတကြီးမှ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က ခုခံတော်လှန်စစ်ပွဲကို တိုက်ရိုက် ကြေညာခဲ့ပါတယ်။ ဒီကြေညာမှုအပေါ် တချို့က လက်နက်ပြည့်စုံမှု ပြင်ဆင်မှုတွေ အသင့် မဖြစ်သေးပဲ အလောတကြီး စစ်ကြေညာတယ်လို့ ဆိုကြပါတယ်။ လက်ရှိ ပြည်သူ့စစ်တပ်ရဲ့ အင်အားက စစ်တပ်ကို တိုက်ထုတ်နိုင်လောက်တဲ့ အနေအထား၊ အင်အား ရှိနေပါသလား။ ပြီးတော့ တိုင်းရင်းသားများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုက ဘယ်လောက်လောက် အင်အား တောင့်တင်းမှုရှိ နေပါပြီလဲ။

A. ဟုတ်ကဲ့၊ ကျွန်တော်တို့ ဒီ လက်ရှိ စစ်အစိုးရကနေ ဖိနှိပ် လုပ်နေတယ်ဆိုပေမဲ့ ကျွန်တော်တို့ကတော့ သေချာပေါက် အောင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ခံယူထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ခံယူထားတာက အင်အားဟာ ပြည်သူမှာပဲ ရှိပါတယ်။ လူအပေါ်မှာ မူတည်ပါတယ်။ လက်နက်က အရေးမကြီးဘူးလားဆိုတော့ ကြီးပါတယ်။ ဒါပေမဲ့ တကယ့်က ပြည်သူလူထုသာလျှင် ကျွန်တော်တို့ အင်အားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ လုံးဝ လက်ခံ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို နိုင်မှာပဲဆိုတာကို တစ်ထစ်ချ ကျွန်တော်တို့ ယုံကြည်ပါတယ်။

နောက်တစ်ချက်ကတော့ စစ်တပ်မှာ မင်းအောင်လှိုင်ကို ဆန့်ကျင်ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့နဲ့ ပူးပေါင်းလာတာတွေ အများကြီး ရှိပါတယ်။ အဲဒီ အစီအစဥ်ကလည်း အင်မတန်မှ အားကောင်းနေပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ ဘက်မှာ သေချာပေါက် နိုင်မှာဆိုတာကို ကျွန်တော်တို့ ယုံကြည်ရပါတယ်။

နောက်တစ်ချက်ကတော့ အပြည်ပြည်ဆိုင်ရာရဲ့ ထောက်ခံမှု၊ အခုဆိုရင် အပြည်ပြည်ဆိုင်ရာက ကျွန်တော်တို့ကို ထောက်ခံပြီးတော့ NUGအစိုးရကို အသိအမှတ်ပြုလာတာလည်း အများကြီး ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခု ကိုယ်စားလှယ်တွေ လုပ်ကိုင်နေတဲ့ အစိုးရတွေလည်း အများကြီး ရှိနေပါပြီ။ အထူးသဖြင့် ကျွန်တော်တို့ အခုဆိုရင် ချက်ခ်မှာ ထားနိုင်ပြီ၊ တောင်ကိုရီးယားမှာ ထားနိုင်ပြီ၊ သြစတြေးလျမှာ ထားနိုင်ပြီ၊ နောက်တစ်ခါ ဗြိတိန်မှာ ထားနိုင်ပြီ။ စသည်ဖြင့်နော်။ ကျွန်တော်တို့က အပြည်ပြည်ဆိုင်ရာတွေနဲ့ အခြားနိုင်ငံတွေနဲ့ ဆက်သွယ်ပြီး လုပ်တယ်။ UNမှာလည်း ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်ပြီးတော့ ကိုယ်စားလှယ်အနေနဲ့ ခန့်ထားတယ် စသည်ဖြင့် ကျွန်တော်တို့ နိုင်ငံတကာ ဆက်ဆံမှု မျက်နှာစာမှာလည်း ကျွန်တော်တို့ အင်အားတွေ ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် သူ့ဘက်ကတော့ ချည့်နဲ့သည်ထက် ချည့်နဲ့သွားပြီလို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်။

အခု အဲဒီအပြင် ကျွန်တော်တို့ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ပေါင်းရာစုချီများစွာ တိုက်ခိုက်နေတဲ့ EAOတပ်ဖွဲ့တွေဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတော့ မင်းအောင်လှိုင်တပ်ကို စုပေါင်း တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အင်အားတွေဟာ ပြည်သူလူထု အားလုံးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင်တဲ့ အားဖြစ်ပါတယ်။ အင်မတန်မှ ကြီးမားတဲ့ အားဖြစ်ပါတယ်။

စစ်တပ်မှာ လက်နက်အားကိုးတစ်ခုပဲရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က သူ့ကို ဘယ်လောက်ပဲ အားကြီးတယ်ဆိုပေမဲ့ ကျွန်တော်တို့ မကြောက်ပါဘူး။ ကျွန်တော်တို့က သေချာပေါက် နိုင်မှာ ဖြစ်ပါတယ်။ ဗီယက်နမ်မှာ အမေရိကန်က စစ်အင်အား အင်မတန် ကြီးမားပါတယ်။ ဒါပေမဲ့ တကယ် ပြည်သူလူထုက နောက်ဆုံးတော့ နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း ပြည်သူလူထုက သေချာပေါက် နိုင်မှာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ မတရားသဖြင့် အာဏာသိမ်းထားတဲ့အပြင် စစ်ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အပြည်ပြည်ဆိုင်ရာ တရားရုံးအနေနဲ့လည်း သူ့အပေါ် အရေးယူဖို့ ကျွန်တော်တို့ကလည်း စိုင်းပြင်းနေတာ ဖြစ်ပါတယ်။ အဲဒါ အရေးယူပြီးတော့ အကောင်းဆုံးသော နည်းလမ်းကတော့ မင်းအောင်လှိုင်နဲ့ အဖွဲ့ကို ဥပဒေအရ အရေးယူပြီးရင် ကျန်တဲ့ အဖွဲ့တွေနဲ့ ကျွန်တော်တို့က နိုင်ငံကို ပြုပြင်လုပ်ဆောင်သွားမယ့် အခွင့်အရေးကို ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ ပြည်သူလူထုနဲ့ ပိုပြီးတော့ အဆင်ပြေတဲ့အဖွဲ့ နဲ့ ကျွန်တော်တို့ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Q.လက်ရှိ စစ်တပ်က ဖမ်းဆီးထိမ်းသိမ်းထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေဘယ်လိုရှိပါသလဲ။ လက်ရှိ မြန်မာပြည် အခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ သတင်းစကား လက်ခံရရှိတာမျိုး ရှိပါသလား။
A. ကျွန်တော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံထိတွေ့ဆွေးနွေးခွင့် မရှိပါဘူး။ သူတို့ကလည်း ဆက်သွယ်မှု အားလုံးကို ဖြတ်တောက်ထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရုံးချိန်းတွေမှာ ကျွန်တော်တို့ တွေ့မြင်ရတာက ကျန်းကျန်းမာမာ ရှိတယ်လို့လည်း ကျွန်တော်တို့ သိရပါတယ်။ နောက်တစ်ခါ သူ့ ရှေ့နေတွေရဲ့ ထုတ်ပြန်ချက်အရလည်း သူ ကျန်းမာရေး ကောင်းတယ်လို့ ကျွန်တော်တို့ သိရှိထားပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကတော့ သူက သိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ NUGအစိုးရမှာလည်း NLD အမတ်တွေ အများကြီး ပါပါတယ်။ သူတို့ဆီကတစ်ဆင့် ကျွန်တော်တို့က ကြားသိရတာ ဖြစ်ပါတယ်။ နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန် ပါးနပ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ပညာရှိဖြစ်ပါတယ်။ သူက အရာရာကို သုံးသပ်ပြီးတော့ သိရှိနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။

Q. NUG အစိုးရက စစ်တပ်ရဲ့အစုအပြုံလိုက်သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာများကို နိုင်ငံသား အဖြစ် လက်ခံမယ်လို့ ကတိပေးခဲ့ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက် တုန်းက ရိုဟင်ဂျာသတ်ဖြတ်ခံရမှုကိစ္စကို တရားစွဲတာ လက်မခံ၊ ICCက မြန်မာပြည်တွင်းကိစ္စ တရားစီရင်ခြင်းကို လက်မခံခဲ့တဲ့ အခြေအနေတွေနဲ့မတူပဲ သမ္မတကြီးကတော့ ICC ရဲ့ အဆုံးအဖြတ်ကို လက်ခံမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြိုတင်ဆွေးနွေးတိုင်ပင်ခဲ့ဖူးပါသလား။ အကယ်၍ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထား မတူပါက သူမ လက်ခံလာအောင် အားထုတ် ကြိုးပမ်းမယ့် အစီအစဉ်ရှိပါသလား။
A. ဟုတ်ကဲ့၊ ဒီ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ NUGဟာ သဘောထား ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ သူတို့က ရိုဟင်ဂျာနဲ့ ပတ်သက်ပြီးတော့ နည်းနည်း ပစ်ပယ်ထားတယ်လို့ လူတွေက ခံစားကြပါတယ်။ ဆိုတော့ ကျွန်တော်တို့ကတော့ ဒီ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီးတော့ စစ်တပ်ရဲ့ လုပ်ဆောင်ချက်ဟာ impunity မပေးနိုင်ဘူးဆိုတဲ့ သဘောရှိပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေအရ အရေးယူဖို့ ကျွန်တော်တို့အနေနဲ့ စာလည်း ရေးပြီးသားဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ ညှိနှိုင်းဆွေးနွေးထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပညာအရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံလည်း ရှိပါတယ်။ သူ့အနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်ချက်ကို နားလည် လက်ခံ သဘောတူမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ နောက်တစ်ခါ သူ၊ တစ်ခါက ရှေ့နေတွေကနေ တစ်ဆင့် ထုတ်ဖော်ပြောကြားတဲ့အထဲမှာ ပြည်သူလူထုရဲ့ သဘောထားနဲ့ မဆန့်ကျင်ပါဘူးဆိုတဲ့ စကားကို သူ လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဖြေကြားခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်မို့ အဲဒီတုန်းက သူ့ရဲ့အခက်အခဲက ၂၀၀၈ အခြေခံဥပဒေအရ အများကြီး Limit ဖြစ်ပါတယ်။ အကန့်အသတ် ဖြစ်နေတော့ သူက စစ်တပ်ကို သဘောမတူပေမဲ့ ICJရုံးအထိ လိုက်ပြီးတော့ ပြောကူတဲ့ သဘောတော့ ရှိသွားခဲ့ပါတယ်။ တကယ့် သူ့ရဲ့ စိတ်ရင်းကတော့ ဒီမိုကရေစီနည်းကျ လုပ်ဆောင်ဖို့ သူ့အနေနဲ့ လုံးဝ သဘောထားရှိတယ်လို့ ကျွန်တော့်အနေနဲ့ သိရှိပါတယ်လို့ ဖြေကြားလိုပါတယ်။

Q. ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ပေါ့လေ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နဲ့ အယူအဆ ကွဲလွဲခဲ့မယ်ဆိုရင်၊ အတိုင်ပင်ခံပုဂ္ဂိုလ်က ကန့်ကွက်ခဲ့မယ်ဆိုရင် သမ္မတကြီးအနေနဲ့ အစွမ်းကုန် ညှိနှိုင်းဖို့ ဆန္ဒရှိပါသလားရှင်။
A. ဒါကတော့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်။ တကယ် ဖြစ်သင့်တာကလည်း ကျွန်တော်တို့ သိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ဟာ ဟိုတုန်းက လုပ်ဆောင်ချက်တွေဟာ ကျွန်တော်ပြောပြီးသလို ၂၀၀၈ ကို မလွန်ဆန်နိုင်လို့ စစ်တပ်ရဲ့ အာဏာ အရမ်း ပြင်းထန်လို့ သူက ဒီလို လုပ်ဆောင်ခဲ့တယ်။ တကယ် အခု သူ ထွက်လာမယ်ဆိုရင်တော့ ကျွန်တော်ထင်တာက ကျွန်တော်တို့ရဲ့ ပြည်သူလူထုနဲ့ သူက တစ်သားတည်း ပြန်ဖြစ်သွားမှာပဲ။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ သူက တစ်သားတည်း ပြန်ပြီးတော့ လုပ်ဆောင်မယ်လို့ ကျွန်တော့်အနေနဲ့ လုံးဝ ယုံကြည်ပါတယ်လို့။

Q. ဒီအဖြေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားချင်း ကွဲလွဲခဲ့မယ်ဆိုရင်တောင် သူမကို ဖျောင်းဖျပါ့မယ်လို့ ယူဆလို့ရပါသလားရှင်။
A. ကျွန်တော်တို့အနေနဲ့တော့ သူ့ကို သဘောပေါက်အောင် ပြောဖို့ သိပ် မခက်ဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံ တည်ဆောက်ပုံက တိုင်းရင်းသားအားလုံး ပေါင်းစုံ ပါဝင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဆိုတော့ တစ်ပြည်ထောင်ပုံစံ မဟုတ်ပါဘူး။ စစ်တပ်က လုပ်ဆောင်နေတာက တစ်ပြည်ထောင် ပုံစံ Burmanization ပေါ့။ ဗမာလူမျိုး တစ်မျိုးတည်းပဲ ကြီးစိုးတယ်။ အရင်တုန်းကဆိုရင် NLDက သိပ်အားကောင်းတဲ့အခါကျတော့ NLD တစ်မျိုး တစ်ပါတီတည်း ကြီးစိုးတဲ့ ပုံစံမျိုး လုပ်ခဲ့လို့ အမှားတွေ ရှိခဲ့တယ်ဆိုတာ သူလည်း သိပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ အားလုံးပါဝင်ရေးသာလျှင် အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ charter ကို ကျွန်တော်တို့ ရေးဆွဲပြီး ဖြစ်ပါတယ်။ ဒီ charter တွေရဲ့ အနုစိတ်ကို သူ သိပါတယ်။ ဆိုတော့ ဒီ charter မှာ ကျွန်တော်တို့ရဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ အားလုံး ကိုယ့်ရဲ့ဒေသမှာ ကိုယ် အုပ်ချုပ်ခွင့်ဆိုတာ ပေးထားပြီး ဖြစ်ပါတယ်။ ဒါမှသာလျှင် ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် သူလည်း လုံးဝ နားလည်ပါလိမ့်မယ်။ နားမလည်ဘဲနဲ့ လုပ်မယ်ဆိုရင် ဒီတိုင်းပြည်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာ မတည်ရှိနိုင်တော့ပါဘူး။ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားမယ်ဆိုတာ အကြောက်ရဆုံး အနေအထား ဖြစ်ပါတယ်။ ကျွန်တော်တို့ NUGအစိုးရမှာ တစ်ချို့ ကြိုတင်ဆွေးနွေးထားတာတွေ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ အရင်အစိုးရလက်ထက်မှာ မှားခဲ့တာတွေကို ကျွန်တော်တို့ အမွေအနှစ် အနေနဲ့ လက်ရှိ အစိုးရက အာဏာကို ဆက်ယူတဲ့အခါမှာ တောင်းပန်သင့်တာကို တောင်းပန်ရမယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်က မှားခဲ့တယ်ဆိုတဲ့ဟာတွေ ရှိလို့ရှိရင် ကျွန်တော်တို့က ပြည်သူလူထုကို တောင်းပန်ပြီးတော့ ကျွန်တော်တို့က အကောင်းဆုံး လုပ်သွားမယ်ဆိုတဲ့ ပြင်ဆင်ချက်တွေလည်း ရှိပါတယ်။

Q. ရိုဟင်ဂျာ သတ်ဖြတ်မှုရဲ့ အဓိက တရားခံဟာ စစ်တပ်ဖြစ်တယ်။ ဒါတွေကို စစ်တပ်က လုပ်ခဲ့တယ်ဆိုပေမဲ့ ယခင်ကာလအတွင်း ဝေဖန်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရခေတ်နဲ့လည်း ဆက်စပ်နေလို့ မေးရတာပါ။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး တောင်းပန်ဖို့ ဆန္ဒရှိပါသလားရှင်။
A. ဟုတ်ကဲ့၊ အဲဒီကိစ္စပဲ အစောတုန်းက ကျွန်တော် ပြောတာပါ။ အစိုးရအဖွဲ့မှာလည်း NLD ပုဂ္ဂိုလ်တွေ အများကြီး ပါပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့တော့ အရင်မှားခဲ့တဲ့၊ ဒေါ်အောင်ဆန်းစုကြည်လက်ထက်ပဲဆိုပါတော့။ အဲဒီတုန်းက မှားခဲ့တာကိုလည်း ကျွန်တော်တို့ သက်ဆိုင်ရာတွေကို တောင်းပန်ရမယ်ဆိုတာကို ကျွန်တော်တို့ မူအားဖြင့် လက်ခံခဲ့ကြပြီး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနာဂတ်မှာ ရေရှည် ငြိမ်းချမ်း ခိုင်မာတဲ့ နိုင်ငံ ဖြစ်ဖို့က ကျွန်တော်တို့ reconciliation ဆိုတဲ့ အဆင့်က လိုပါတယ်။ ဒါကြောင့် တောင်းပန်သင့်တာကို မာနမထားဘဲ တောင်းပန်ဖို့ ရှိပါတယ်။

Q.မြန်မာပြည်ဟာ စစ်အာဏာသိမ်းခံရမှုကြောင့် ဒီမိုကရေစီရေး အကြပ်အတည်း၊ ကိုဗစ်ကြောင့် ထိခိုက်မှုတွေ စီးပွားရေးအကြပ်အတည်းစတဲ့ ဒဏ်ရာအထပ်ထပ်ကို ကြုံတွေ့ ခံစားနေရပါတယ်။ ဒါပေမယ့်လည်း အစိုးရဝန်ထမ်းအများအပြားဟာ CDM မှာ ဆက်လက် ပါဝင်နေကြပြီး CDM လှုပ်ရှားမှုကလည်း ဆက်လက် တည်ရှိနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အတွက် ချက်ချင်း လိုအပ်သော လက်တွေ့ကျတဲ့ ပံ့ပိုးမှုက ဘာပါလဲ။
A. ဟုတ်ကဲ့၊ ကျွန်တော်တို့ နိုင်ငံဟာ ကိုဗစ် ဖြစ်နေပြီးတော့ စီးပွားရေးတွေ အရမ်းကို ကျဆင်းမယ့် လက္ခဏာရှိနေတဲ့ အချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို နိုင်ငံဟာ တော်တော် ထိခိုက်သွားပါတယ်။ စီးပွားရေး အရမ်းကို ကျဆင်းသွားပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂက ပြောတာကတော့ လူဦးရေ ၆သိန်းလောက်ဟာ ငတ်ပြတ်နေပါပြီ။ နောက်ထပ် ၆လလောက်ဆိုရင်တော့ (၆.၂)သန်းဟာ အင်မတန်မှ စိုးရိမ်ရတဲ့ အနေအထားမှာ အစာရေစာ လိုအပ်တဲ့ အနေအထား ရောက်တော့မယ်ဆိုပြီးတော့ ပြောထားပါတယ်။ နောက်၊ ကျွမ်းကျင်သူများက နိုင်ငံရဲ့ စီးပွားရေးဟာ ၁၈.၇% ကျသွားတော့မယ်ဆိုပြီးတော့ ပြောပါတယ်။ ဒါတွေက အင်မတန် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။

အချိန်မှာ ကျွန်တော်တို့ကလည်း ဒီ CDMတွေကတော့ ဆက်မလုပ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ CDMတွေဟာ နိုင်ငံရဲ့ ယန္တရားကို လည်ပတ်နေတဲ့ ဝန်ထမ်းတွေဖြစ်ပါတယ်။ ပညာရှင်တွေလည်း အမြောက်အများ ပါပါတယ်။ ဒီပညာရှင်တွေ မပါလို့ရှိရင် နိုင်ငံက ဘယ်လိုမှ ကျွန်တော်တို့ တည်ဆောက်လို့ မရပါဘူး။ ဒီ ယန္တရားကြီးကို ကျွန်တော်တို့ ဘာကြောင့် ဒီလို ဆက်ပြီး လုပ်နေရသလဲဆို‌တော့ အာဏာရှင်စနစ်က လုံးဝ ပပျောက်သွားအောင် စစ်တပ်အုပ်စိုးမှုအား မြန်မာမြေပေါ်ကနေ ပျောက်သွားအောင်ဆိုတဲ့ သူတို့ရဲ့ ခံယူချက်က အင်မတန် ပြင်းပြပါတယ်။ အခုဆိုရင် ၉လအထဲ ရှိနေပါပြီ။ ဒီ ဝန်ထမ်းတွေ အနေနဲ့ လစာမရဘဲနဲ့ အငတ်ငတ် အပြတ်ပြတ်နဲ့ တချို့ဆိုရင် ဆရာဝန်တွေက ကွမ်းယာ ရောင်းစားရတဲ့ ဘဝကို ရောက်သွားပါတယ်။ ဆရာမတွေကလည်း အကြော်သည် ဘဝကို ရောက်သွားပါတယ်။ စသည်ဖြင့် သူတို့က ဘယ်လိုမှ အရှုံးမခံတဲ့ စိတ်ဓာတ်နဲ့ တော်လှန်‌ရေးကို လုပ်နေကြတာ ဖြစ်တဲ့အတွက်ကြောင့် CDMတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးပါတယ်။

ကမ္ဘာပေါ်မှာ ကျွန်တော်တို့ နမူနာအနေနဲ့လည်း ယူသင့်တဲ့ အရာဖြစ်ပါတယ်။ CDMတွေက ကျွန်တော်တို့ NUGအစိုးရအနေနဲ့လည်း အပြည့်အဝ မထောက်ပံ့နိုင်ပါဘူး။ တကယ်တော့ သူတို့ကို လစာတွေ ကျွန်တော်တို့ ထောက်ပံ့ဖို့ လိုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ NUGအစိုးရအနေနဲ့လည်း အတိုင်းအတာ တစ်ခုအနေနဲ့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကြိုးစားနေကြပါတယ်။ ဥပမာ ကိုရီးယားက မြန်မာပြည်သူများအနေနဲ့လည်း CDMအတွက် ထည့်ဝင်ကူညီကြပါတယ်။ ကမ္ဘာအရပ်ရပ်ပေါ့နော်။ အဲလို လုပ်ဆောင်နေကြတာကို အထူးပဲ ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ အဲဒီ CDMကို အောင်မြင်အောင် ဝိုင်းဝန်းပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ကမ္ဘာပြည်သူပြည်သားများအနေနဲ့လည်း ဒါကို နားလည်ပေးပြီး CDMဟာ ဒီတိုက်ပွဲ နွေဦးတော်လှန်ရေးမှာ အက္ခရာ ကျတယ်ဆိုတာကို သဘောပေါက်ပြီးတော့ ဝိုင်းဝန်း ကူညီပေးကြဖို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။

ယခင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီအစိုးရလက်ထက်မှာဆိုရင် ကမ္ဘာပေါ်မှာ ဆိုးရွားတဲ့ covid-19 ကပ်ရောဂါကို ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပါတယ်။ wave-1 နဲ့ wave-2ကို ကောင်းကောင်း ကာကွယ်နိုင်တဲ့အတွက်ကြောင့် ကမ္ဘာပေါ်မှာတောင်မှ ကျွန်တော်တို့ covid-19 ကို ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ နိုင်ငံအဖြစ် အမည်ရခဲ့ပါတယ်။ 3rd wave, 4th wave အတွက်လည်း preparation က လုပ်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီ စစ်ကောင်စီဟာ အုပ်ချုပ်ရေး ညံ့ဖျင်းတယ်။ ခုနကလို CDMတွေက မပါဝင်နိုင်ခဲ့တဲ့အတွက်ကြောင့် 4th wave မှာ ကျွန်တော်တို့က အများကြီး ခံစားရ၊ အာ.. 3rd wave မှာ အများကြီး ခံစားရပြီးတော့ အာရှနိုင်ငံမှာ infection အများဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်ခဲ့ပြီးတော့ ကျွန်တော်တို့ တော်တော် ဆိုးဆိုးဝါးဝါး ခံစားရပြီး အခုဆိုရင် ၂သောင်းနီးပါးလောက် သေဆုံးပြီး ဖြစ်ပါတယ်။ ဒါတွေက ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ပါဝင်မှု မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အခုလည်း ကာကွယ်ဆေး ထိုးဖို့ကို ကျွန်တော်တို့ကတော့ CDMတွေ ပါဝင်တဲ့ နိုင်ငံတကာ 3rd party က ပါဝင်တဲ့ အဖွဲ့နဲ့ ထိုးနှံဖို့ဆိုပြီးတော့ propose လုပ်ထားခဲ့ပေမဲ့ စစ်ကောင်စီက ငြင်းပယ်နေပါတယ်။ အဲဒါဆိုရင် 4th wave အတွက် အင်မတန်မှ အန္တရာယ် များပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့တတွေဟာ အခု NUGအစိုးရအနေနဲ့ သူ့ဆီကနေ တစ်ဆင့် လာတာ မဟုတ်ဘဲနဲ့ cross border ပေါ့နော်၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်ဘက်က လာတဲ့ ဆေးတွေနဲ့ ပြည်သူလူထုကို ကျွန်တော်တို့ EAO ဒေသတွေမှာ တိုင်းရင်းသားဒေသတွေမှာ CMDဆရာဝန်တွေ ဆရာမတွေနဲ့ ထိုးနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ဒါကို ကမ္ဘာကလည်း သဘောပေါက်ပြီး‌တော့ စစ်ကောင်စီရဲ့ အဆိုပြုချက်ကို မလိုက်ဘဲနဲ့ NUGနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုရင်တော့ ရာခိုင်နှုန်းပြည့် အောင်မြင်မှာ ဖြစ်ပါတယ်။ အခု သူ့ရဲ့ အုပ်ချုပ်မှု အောက်မှာဆိုရင် ပြည်သူလူထုက လာပြီး အထိုးမခံချင်ဘူး။ ဒါကြောင့်မို့လို့ ကာကွယ်ဆေး ဆေးထိုးဖို့ဟာ အခုချိန်ထိ မအောင်မြင်ဘဲ ဖြစ်နေပါတယ်။

Q. NUGအစိုးရနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုန့်ပြန်မှုက အမျိုးမျိုး ရှိနေပါတယ်။ အမေရိကန် က လတ်တလောမှာ မြန်မာစစ်တပ်ကို ပိတ်ပင်မှုတွေ ထပ်တိုးလုပ်ဖို့ ဆွေးနွေးနေပြီး NUG နဲ့ ဆက်သွယ်မှုများ ပြုလုပ်နေကြောင်းကိုလည်း အများသိအောင်ပြသခြင်းဖြင့် NUG ကို ထောက်ခံနေကြောင်း ပြသနေပါတယ်။ EU ကလည်း NUG , CRPH ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သလို ပြင်သစ်အထက်လွှတ်တော်ကလည်း NUG ကို အသိအမှတ်ပြုခဲ့ပါတယ်။ ယခင်က မင်းအောင်လှိုင်ကို အစည်းအဝေး တက်ရောက်ခွင့် ပြုခဲ့တဲ့အတွက် ရှုတ်ချခံခဲ့ရတဲ့ အာဆီယံကလည်း ယခုလ၂၆ရက်နေ့မှ စတင်ကျင်းပတဲ့ အာဆီယံ အစည်းအဝေးမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပြု ဖယ်ရှားခဲ့ပါတယ်။ ပြည်တွင်းရေးမို့ ဝင်‌ရောက် စွက်ဖက်ခြင်း မပြုခြင်းကိုသာ လက်ကိုင်ထားတဲ့ တရုတ်နဲ့ ရုရှားကတော့ စစ်တပ်ကို ထောက်ခံနေသေးတယ်လို့ အများက မြင်ကြပါတယ်။ ဒီလို အမျိုးမျိုးဖြစ်နေတဲ့ နိုင်ငံတကာရဲ့ တုန့်ပြန်မှုနဲ့ ပတ်သက်ပြီး သမ္မတကြီးရဲ့ သဘောထား အမြင်ကို သိချင်ပါတယ်။
နောက်ပြီး၊ မြန်မာစစ်တပ်အနေဖြင့် ပြီးခဲ့တဲ့ ၁၈ရက်နေ့က စစ်တပ်ကို ဆန့်ကျင် ကန့်ကွက်ဆန္ဒပြခဲ့တဲ့ အတွက်ကြောင့် ဖမ်းဆီးထားတဲ့ ပြည်သူများထဲမှ ပြည်သူ ၅၆၀၀အား လွှတ်ပေးမယ်လို့ ကြေငြာ ပြီး နောက်တစ်နေ့မှာ လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် AAPP ထုတ်ပြန်ချက်မှာ လွှတ်ပေးခံရတဲ့ သူများထဲမှ အနည်းဆုံး ၁၁၀ယောက်ဟာ ပြန်လည် ဖမ်းဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့ အပြုအမူကို ဘယ်လိုထင်မြင်ပါသလဲ။ ပြီးတော့ မြန်မာစစ်တပ်က လက်ရှိ ဖိအားပေး ခံနေရတယ်လို့ မြင်ပါသလား။

A. ကျွန်တော်တို့ အခု ပြောင်းလဲလာနေတဲ့ နိုင်ငံတကာရဲ့ အခြေအနေက ကျွန်တော်တို့ အားရပါတယ်။ အခုဆိုရင် ယူအန်မှာ ကျွန်တော်တို့ရဲ့ ဦးကျော်မိုးထွန်းက ဆက်ပြီးတော့ ထိုင်ခုံမြဲဖို့ ဖြစ်လာတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ အားရပါတယ်။ နောက်တစ်ခါ EU 27 နိုင်ငံကလည်း NUGကို ‌ထောက်ခံဖို့ဆိုတဲ့ ဆွေးနွေးချက်တွေက အားရပါတယ်။ ကျွန်တော်တို့ တကယ်လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံတကာက တုန့်ပြန်မှုတွေက ကောင်းတယ်လို့ ကျွန်တော်တို့ ခံယူပါတယ်။

နောက်တစ်ချက်ကတော့ EU အခြေအနေ၊ အိန္ဒိယအခြေအနေ၊ ထိုင်း အခြေအနေတွေက ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့ လက်ခံထားတဲ့ မူက အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေအောင် ပေါင်းမယ်ဆိုတဲ့ မူဝါဒဖြစ်ပါတယ်။ သူတို့ကို ကသိကအောင့်လည်း မဖြစ်အောင် သူတို့နဲ့ အဆင်ပြေအောင် ဆက်ဆံမယ်ဆိုတဲ့ အနေအထားမျိုးကို ကျွန်တော်တို့ လက်ခံထားပါတယ်။

တရုတ်နိုင်ငံကလည်း နှစ်ပေါင်းများစွာ မြန်မာနိုင်ငံနဲ့ မိတ်ဆွေအနေနဲ့ ပေါင်းသင်းလာခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် သူ့အနေနဲ့လည်း ကျွန်တော်တို့ နိုင်ငံကို အတတ်နိုင်ဆုံး ကူညီလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ သူ့အနေနဲ့ စီးပွားရေးအရ အရင်တုန်းက စစ်ကောင်စီကို ထောက်ခံခဲ့ပေမဲ့ အခုတော့ ပြည်သူလူထုဘက်ကို ပိုပြီးတော့ ယိမ်းလာတယ်လို့ ကျွန်တော့်အနေနဲ့ ခန့်မှန်းမိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု အာဆီယံအရေးနဲ့ ပတ်သက်ပြီးတော့ တရုတ်နဲ့ အမေရိကန်က နားလည်မှုရှိရှိနဲ့ အဲဒီမှာ စစ်ကောင်စီကို နေရာမပေးဖို့ လုပ်လာတာကို ကျွန်တော်တို့ နားလည်ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ခု ပြောင်းလဲနေတဲ့ အခြေအနေဟာ အင်မတန်မှ ကောင်းပါတယ်။ ကျွန်တော်တို့ကို စဥ်းစားပေးတယ်။ မြန်မာနိုင်ငံမှာ ဆက်ပြီးတော့ ရေရှည် စစ်မက်တွေ ဖြစ်မယ့် အနေအထားကို ရှောင်ရှားလိုတဲ့ အနေအထားမျိုးကို ကျွန်တော်တို့ တွေ့ရတဲ့အတွက်ကြောင့် အများကြီးပဲ ဝမ်းသာပါတယ်။

နောက်တစ်ချက်ရဲ့ ဒီ အာဆီယံရဲ့ တင်းတင်းမာမာ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အဲဒါကို လျော့စေလိုတဲ့ သဘောနဲ့ မင်းအောင်လှိုင်ဟာ ချက်ချင်း လူပေါင်း (၅၆၀၀)ကို လွှတ်ပေးမယ်ဆိုပြီးတော့ သူက ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်တဲ့အခါကျတော့ ထောင်ဗူးဝကနေ ပြန်ဖမ်းသွားတာလည်း အများကြီးရှိပါတယ်။ တချို့က အိမ်ပေါ်မှာ ရောက်ပြီးတော့ ကိုယ့်ရဲ့ မိသားစုတွေနဲ့တောင် ကောင်းကောင်း စကားမပြောရသေးခင်မှာပဲ ပြန်ဖမ်းသွားပါတယ်။ AAPPရဲ့ ထုတ်ပြန်ချက်အရတော့ ပြန်ဖမ်းတာ (၁၁၀)ဦးရှိပါပြီ။ လွှတ်တယ်ဆိုတာက ဟန်ပြပဲ လုပ်ပါတယ်။ တကယ်တော့ အမြဲတမ်း လိမ်လည်ချင်တဲ့ စိတ်ရှိပါတယ်။ အဲဒါကြောင့် စစ်ကောင်စီက မယုံရတဲ့ အဖွဲ့ဖြစ်ပါတယ်ဆိုတာကို ကမ္ဘာသိအောင် ပြောချင်ပါတယ်။

Q. ၂၆ ရက်နေ့မှာစတင်ပြီး ကျင်းပတဲ့ အာဆီယံအစည်းအ‌ဝေး၊ ၃၀ရက်နေ့မှာ ကျင်းပမယ့် G20 အစည်းအဝေးမှာ ကိုရီးယားသမ္မတ HE မွန်းဂျဲအင်လည်း အွန်လိုင်းနှင့် လူကိုယ်တိုင် တက် ရောက်ဖို့ ရှိပါတယ်။ အစည်းအဝေး တက်ရောက်ကြမယ့် သမ္မတကြီးမွန်းနဲ့ အခြားသော နိုင်ငံ‌ ခေါင်းဆောင်များအား သမ္မတကြီးမှ ဘာပြောချင်ပါသလဲ။
A. ကျွန်တော်တို့ ဒီ လာမယ့် အချိန်မှာ အာဆီယံ အစည်းအဝေးကတော့ အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့ ၂၆-၂၈ကြားမှာ လုပ်မယ်လို့ ပြောပါတယ်။ G20 ကတော့ (၃၀)ရက်နေ့မှာ လုပ်မယ်။ ကျွန်တော်တို့အနေနဲ့ အဓိက ပြောချင်တာကတော့ ကမ္ဘာကြီးငြိမ်းချမ်းအောင် ကြိုးစားတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်သင့်ပါတယ်။ ဒီနိုင်ငံက မငြိမ်းမချမ်းဖြစ်နေရင် ကျန်တဲ့ ကျွန်တော်တို့နဲ့ ဆက်စပ်တဲ့ နိုင်ငံမှာ အာရှနိုင်ငံတွေမှာလည်း အကုန်လုံး စိတ်မသက်မသာနဲ့ မငြိမ်းချမ်းနိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံ စီးပွားရေး ကျဆင်းနေရင် ကျန်တဲ့နိုင်ငံတွေလည်း စီးပွားရေး ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကို ငြိမ်းချမ်းအောင် ‌ဆောင်ရွက်တဲ့နေရာမှာ အားကြိုးခွန်တိုက် ပါဝင်ပေးကြပါ၊ ပြောပေးကြပါ၊ ကျွန်တော်တို့ နိုင်ငံမှာ အာဏာရှင် စစ်တပ် မင်းအောင်လှိုင် ဦးဆောင်ပြီးတော့ လူပေါင်းများစွာကို အလဟဿ သတ်ပစ်လိုက်တဲ့ ဒီလိုမျိုး စစ်ကောင်စီ ရှိနေသမျှ ငြိမ်းချမ်းရေး ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးကို ပြည်သူလူထု စကားကို နားထောင်တဲ့ NUGအစိုးရကို အသိအမှတ်ပြုကြပါ။ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်း ကူညီကြပါ။ လတ်တလော လိုအပ်တဲ့ humanitarian aid တွေကို ကူညီပေးကြပါ။ ကိုဗစ်နဲ့ ပတ်သက်ပြီး လတ်တလော ကိုဗစ် မလာခင်မှာ ထိုးနှံနိုင်အောင် ကမ္ဘာ့နိုင်ငံအသီးသီးကနေ ဖွေရှာပေးကြပါ။ အကူအညီတွေလည်း ပေးကြပါ။ လုံခြုံအောင် ထိုးနိုင်အောင်လည်း စီစဥ်ပေးနိုင်ဖို့ ဆွေးနွေးပေးကြဖို့ ပြောလိုပါတယ်။

နောက်ပြီး ကိုရီးယားသမ္မတ မွန်းဂျယ်အင်းကိုလည်း မြန်မာပြည်သူလူထုက အရမ်း လေးစားပါတယ်။ အားကိုးပါတယ်ဆိုတာ ပြောပေးပါ။ NUG သမ္မတကလည်း သမ္မတမွန်းကို အထူး အားကိုး လေးစားပါတယ်။ ဆိုတာကို ပြောပေးပါ။

Q. NUG အစိုးရက လက်ရှိ အမေရိကန်, ပြင်သစ်, ဩစတေးလျ, ချက်နိုင်ငံနဲ့ ကိုရီးယားမှာ ကိုယ်စားလှယ်ရုံးတွေ ထားရှိထားပါတယ်။ အထူးသဖြင့် ကိုရီးယားနိုင်ငံဟာ အာရှတွင်း နိုင်ငံများထဲမှာ ကိုယ်စားလှယ်ရုံး တည်ရှိတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်၊ ကိုရီးယား၌ ကိုယ်စားလှယ်ရုံး ထားရှိသည့် ရည်ရွယ်ချက်(အဓိပ္ပါယ်) နှင့် ကိုရီးယားအစိုးရထံမှ မျှော်လင့်ထားမှုအား ပြောကြားပေးစေလိုပါတယ်။
A. ဟုတ်ကဲ့၊ ကျွန်တော်တို့ NUGအစိုးရဟာ မူဝါဒထဲမှာ ကျွန်တော်တို့ အစိုးရ တက်လာကတည်းက အပြည်ပြည်ဆိုင်ရာရဲ့ အသိအမှတ်ပြုမှုဆိုတာ ကျွန်တော်တို့ရဲ့ Goal ထဲမှာ အရေးကြီးပါတယ်။ အခု လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကျွန်တော်တို့ကို အသိအမှတ်ပြုလာတယ်။ နောက်တစ်ခါ အထူးသဖြင့် အထူးကိုယ်စားလှယ်ရုံးတွေလည်း ထားနိုင်တဲ့ အနေအထားတွေကို ခွင့်ပြုကြတဲ့အတွက်ကြောင့် ကျွန်တော်တို့ အထူး ကျေးဇူးတင်ပါတယ်။
<<NUGတာဝန်ခံ၏ ထပ်လောင်းရှင်းပြချက် = ကိုရီးယားအစိုးရက ကိုယ်စားလှယ်ရုံး ဖွင့်လှစ်မှုအပေါ် ပိတ်ပင်တားမြစ်ခြင်း မပြုခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားတာဖြစ်ပါတယ်။>>

ကိုရီးယားနိုင်ငံကလည်း ဒီလို ကျွန်တော်တို့ အခု ဖွင့်ခွင့်ပေးတဲ့အတွက်ကြောင့် အထူးကျေးဇူးတင်ပါတယ်။ ကိုရီးယားအစိုးရကို ဆက်ပြီးတော့ ကျွန်တော့်အနေနဲ့ တင်ပြချင်တာက ဆက်လက်ပြီးတော့ ကျွန်တော်တို့နဲ့ ဆက်ဆံရေးကို မြှင့်တင်ပေးဖို့ ကြိုးစားတဲ့နေရာမှာ အားပေးကြပါ။ မြန်မာနိုင်ငံရဲ့ ပြည်သူလူထု ဒီမိုကရေစီ ရရှိအောင် လုပ်ဆောင်တဲ့နေရာမှာ ဆက်ပြီးတော့ အားပေးကြပါ။ ကိုရီးယားမှာ ရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသား အားလုံးကို ဆက်လက် အကာအကွယ် ပေးကြပါ။ လှုပ်ရှားခွင့် ပေးကြပါလို့ ကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်။

နောက်တစ်ခါ ကိုရီးယားလူထုဟာ နှစ်ပေါင်း ၄၀ လောက် အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ဖို့ ရုန်းကန်ခဲ့ကြတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီရုန်းကန်မှုကိုလည်း စာနာထောက်ထားကြတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က တကယ့်ကို ခင်မင်ပါတယ်။ လေးစားပါတယ်။ ဆက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အားပေးကူညီကြလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်မှန်းပါတယ်။ ဒါကြောင့်မို့လို့ စစ်အစိုးရနဲ့ ဆက်ဆံခြင်းကို လုံးဝ ရပ်တန့်ပေးဖို့ရယ် နောက်တစ်ခါ သူ့ကို ဆက်ဆံထောက်ပံ့နေတဲ့ စီးပွားရေး အားလုံးကို ဖြတ်ပစ်ဖို့၊ ဥပမာ ODA ဟာမျိုးတွေကို ဖြတ်ပြီးတော့ ကျွန်တော်တို့ NUGအစိုးရကို တိုက်ရိုက် ကူညီဖို့ ပြောပေးကြပါ။

တစ်ချို့ အင်မတန် အရေးကြီးတဲ့ ကုမ္ပဏီတွေ ဥပမာဆိုပါတော့ ပေါ်စကိုကုမ္ပဏီလိုဟာမျိုးတွေကို မြန်မာနိုင်ငံမှာ အရင်းအနှီး မလုပ်ဘဲနဲ့ အဲဒီ အရင်းအနှီးတွေကို ဖြတ်ပစ်လိုက်ပါ။ ပြည်သူလူထုကို တကယ် အကျိုးပြုတဲ့ နိုင်ငံဖြစ်လာတဲ့အခါမှ ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးကြပါ။ နောက်တစ်ခါ အတတ်ပညာရှင်တွေ အများကြီး ရှိတဲ့ တောင်ကိုရီးယား အတတ်ပညာရှင် အသိပညာရှင်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံကိုလည်း မျှဝေပေးဖို့ ကြိုးစားပေးကြပါလို့ ကျွန်တော့်အနေနဲ့ စကားပါးချင်ပါတယ်။

<<ဤ အကြောင်းအရာနှင့် စပ်လျဥ်း၍ ပေါ်စကိုအင်တာနေရှင်နယ်မှ SBS သို့ တရားဝင် ဖြေကြားခဲ့သော စကား = မြန်မာဂက်စ်လိုင်းက အစိုးရအပြောင်းအလဲနဲ့ မသက်ဆိုင်ပါဘူး။ ပြည်သူ့အစိုးရလက်ထက်မှာလည်း လုပ်ဆောင်လာခဲ့တဲ့ လုပ်ငန်းပါ။ ဂက်စ်လိုင်း လည်ပတ်မှုရဲ့ ဝင်ငွေက PSC(Product Sharing Contract)စာချုပ်အရ မြန်မာအစိုးရနဲ့ ဂက်စ်လိုင်း(consortium)ကုမ္ပဏီက ခွဲဝေရယူပြီး မြန်မာအစိုးရရဲ့ ဝင်ငွေကိုတော့ အစိုးရက ထိန်းချုပ်တဲ့ နိုင်ငံတော်ဘဏ်အကောင့်ထဲကို ထည့်ရတာပါ။ ပေါ်စကိုအင်တာနေရှင်နယ် (တနည်းအားဖြင့်) consortium ရဲ့ ဆုံးဖြတ်ချက်နဲ့ ဂက်စ်လိုင်း လုပ်ငန်းကို ရပ်တန့်တာပဲဖြစ်ဖြစ် MOGE အတွက် ဝင်ငွေပေးသွင်းမှုကို ရပ်တန့်လိုက်ခြင်းဟာ PSC စာချုပ်ရဲ့ အရေးကြီးတဲ့ အပိုဒ်ကို ဖောက်ဖျက်တာဖြစ်ပြီး ဂက်စ်လိုင်းတူးဖော်ခွင့်နဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ဆုံးရှုံးနိုင်ပါတယ်။ မြန်မာအစိုးရက ရပ်တန့်သွားတဲ့ လုပ်ငန်းကို ဆက်လက် လည်ပတ်ဖို့အတွက် တရုတ် စတဲ့ တခြား နိုင်ငံခြား ကုမ္ပဏီကို ဂက်စ်လိုင်း လုပ်ကိုင်ခွင့်ကို လွှဲပေးလိုက်နိုင်ပါတယ်။ ဒါဟာ လက်ရှိ စစ်အုပ်ချုပ်ရေးအတွက် ပိုပြီးတော့ အကျိုးရှိသွားစေနိုင်ပြီး ကိုရီးယားနိုင်ငံအတွက်လည်း ကုမ္ပဏီရဲ့ ဆုံးရှုံးမှုကနေ နိုင်ငံရဲ့ ဆုံးရှုံးမှုအထိ ဖြစ်သွားစေနိုင်တာ သေချာပါတယ်။ >>

Q. NUGက ကိုရီးယားအစိုးရကို တောင်းဆိုထားတာလေးတွေကို သိလိုပါတယ်။
ပြီးတော့ တောင်းဆိုမှုများအပေါ် ကိုရီးယားအစိုးရရဲ့ တုန့်ပြန်မှုကိုလည်း သိလိုပါတယ်။
နောက်ပြီး ကိုရီးယားအစိုးရကို ဆက်သွယ်မှုအပိုင်းမှာလည်း အခက်အခဲများ ရှိပါသလားရှင်။
A. ကျွန်တော်တို့က လောလောဆယ်တော့ တုန့်ပြန်မှုတော့ မရသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်သွယ်ရေးရုံးတွေကို ဖွင့်ခိုင်းတာတွေကတော့ တုန့်ပြန်တယ်လို့ ကျွန်တော်သိရပါတယ်။ နောက်တစ်ခါ ဒီမိုကရေစီအတွက် စုရုံးပြီးတော့ လုပ်ဆောင်ပိုင်ခွင့်တွေ ပေးထားတယ်။ အဲဒီက ပြည်သူလူထုကို တော်တော်များများ စာနာပေးထားတယ်ဆိုတာ တုန့်ပြန်မှုဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ သိရှိရပါတယ်။ ခုနကလို ODAနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရကို ဆက်ပြီး မထောက်ပံ့ဖို့ဆိုတဲ့ဟာတွေက ခုအချိန်ထိတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ နောက်တစ်ခါ ကျွန်တော်တို့ အခြား ရင်းနှီးမှုလုပ်ငန်း၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ လုံးဝ (cut out/မလုပ်ဘူး)ဆိုတဲ့ ကိစ္စတွေလည်း တုန့်ပြန်မှုကိုတော့ ကျွန်တော်တို့ အသေအချာ မသိရသေးပါဘူး။ ကျွန်တော်တို့ အာဏာရှင်ကို ဖျက်သိမ်းဖို့ ကိုရီးယားပြည်သူများနဲ့ ကိုရီးယားအစိုးရအနေနဲ့ NUGအစိုးရကို ထောက်ခံပေးဖို့ဆိုတဲ့ဟာက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အဲဒါတွေကို အသံကျယ်ကျယ်နဲ့ ကျွန်တော်တို့ကို ဆက်ပြီးတော့ ထောက်ခံပေးပါလို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။

Q. ယူအန်အစည်းအဝေးမှာ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အပြောင်းအလဲ ကိစ္စကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ NUG က ခန့်တဲ့ သံအမတ်ကို လက်ခံမလား၊ စစ်အစိုးရက ခန့်အပ်တဲ့ သံအမတ်ကို လက်ခံမလားဆိုတာကို ဆုံးဖြတ်ကြမည့် အပေါ်မှာ သမ္မတကြီးအနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုး ထွက်ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းပါသလဲ။ နောက်ပြီး နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါသလဲ။
A. ဟုတ်ကဲ့၊ ဒီ လာမယ့် နိုဝင်ဘာလမှာ ယူအန် အစည်းအဝေးမှာ ကျွန်တော်တို့ မြင်တာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးက အကြမ်းဖက်စစ်အုပ်စု အာဏာရှင်တွေ ရှိနေသမျှတော့ သူတို့ ကြိုက်မှာ မဟုတ်ပါဘူး။ ကြိုက်တယ်ဆိုတာကတော့ ရုရှားတို့ တရုတ်တို့လောက်ပဲ ရှိမှာပါ။ ကျန်တဲ့ နိုင်ငံတွေကတော့ မကြိုက်ကြပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ဦးကျော်မိုးထွန်းက ဆက်ပြီးတော့ ကုလသမဂ္ဂကိုယ်စားလှယ်အနေနဲ့ လုပ်ဆောင်ဖို့ကို သူတို့ သဘောကျလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ အဲလိုလည်း ကျွန်တော်တို့က ကြိုးစားကြမှာပါ။ ဒါပေမဲ့ နောက်ဆုံးအနေနဲ့ မရတဲ့အဆုံးမှာ empty seat အနေနဲ့ပေါ့နော်။ ဟိုဘက်ကလည်း ကြိုးစားမှာ ဖြစ်တဲ့အတွက်ကြောင့် empty seat အနေနဲ့ ထားဖို့လည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ NUGနဲ့ ပြည်သူလူထုအနေနဲ့ မျှော်မှန်းတာကတော့ ဘာပဲဖြစ်ဖြစ် NUGအစိုးရက ပြည်သူလူထုရဲ့ တင်မြှောက်ထားတဲ့ တရားဝင် အစိုးရဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့သာ ထိုင်ခုံ ရသင့်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ရကို ရပါလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းပါတယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီလို အကြမ်းဖက် စစ်ကောင်စီမျိုးသာ ရှိနေမယ်ဆိုရင် မင်းအောင်လှိုင်တို့လို ရှိနေမယ်ဆိုရင် မြန်မာနိုင်ငံဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။ စစ်ပဲ တိုက်နေရတော့မယ်။ ဆိုတော့ သူ့ကို ဖယ်ရှားဖို့ အမြန်ဆုံး လုပ်ဆောင်ရမယ်။ မြန်မြန် ဖယ်ရှားလေ မြန်မြန် ငြိမ်းချမ်းရေးရလေ ဆိုတဲ့ သဘောမျိုးကို ကျွန်တော်တို့ ကိုရီးယားအစိုးရအနေနဲ့ရော ကိုရီးယားပြည်သူလူထုရော ကမ္ဘာ့နိုင်ငံအသီးသီးကရော သဘောပေါက်ပြီးတော့ အခု ဒီ အာဆီယံကနေ သူ့ကို ဖယ်ရှားသလို လုံးဝ ဖယ်ရှားပြီး ဖြစ်နိုင်ရင် အရေးယူဖို့ စစ်ရာဇဝတ်ကောင်ဖြစ်တဲ့အတွက်ကြောင့် သူ့ကို အရေးယူပြီး ဖယ်ရှားပစ်မှသာလျှင် ကျန်တဲ့ အကောင်းဆုံးသော ပြုပြင်ပြောင်းလဲမှုကို လုပ်နိုင်မှာဖြစ်ပါတယ်ဆိုတာကို ပြတ်ပြတ်သားသား ရှုမြင် သဘောပေါက်ကြပါလို့ မှာကြားချင်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့နိုင်ငံရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်တဲ့အတွက်ကြောင့် အခုလို စစ်ကောင်စီ အုပ်ချုပ်နေလို့ ဂုဏ်သိက္ခာကျပြီး ဆင်းရဲနေတာမျိုး လူထု ဒုက္ခ ရောက်နေတာမျိုး နောက်နောင် မဖြစ်လိုတော့ပါဘူး။ ဒါကြောင့်မို့ စစ်ကောင်စီကို မြန်မြန် ဖယ်ရှားနိုင်မယ့် လုပ်ငန်းစဥ်မှာ အားပေး ကူညီပေးကြပါလို့ နောက်ဆုံးအနေနဲ့ ပန်ကြားလိုပါတယ်။


<< အင်တာဗျူးနေစဥ် NUGတာဝန်ခံ၏ ထပ်ဆောင်းဖြေကြားမှု = ၈လပိုင်း ၂၈ရက်နေ့က (သမ္မတရုံးသို့) ကျွန်တော်တို့ သဝဏ်လွှာ ပို့ခဲ့ပါတယ်။ အဓိက အကြောင်းအရာကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေကို အတူတကွ ဖြေရှင်းနိုင်ဖို့ အကူအညီ တောင်းခံခြင်းဖြစ်ပြီး ကိုရီးယား အစိုးရက မြန်မာပြည်သူများ ရင်ဆိုင်နေရတဲ့ ကိုရိုနာ ပြဿနာ၊ တတိယလှိုင်းမှာ မြန်မာပြည်သူများစွာ ဒုက္ခခံစားခဲ့ရတဲ့အတွက်ကြောင့် ဒီအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးဖို့နဲ့ NUG အစိုးရကို အသိအမှတ်ပြုပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကူညီပေးပါလို့ သမ္မတကြီး မွန်းဂျယ်အင်းကို စာလွှာပေးပို့ခဲ့ပါတယ်။ >>

<<အခြား တာဝန်ခံတစ်ဦး၏ ထပ်‌ဆောင်းဖြေကြားမှု = လွန်ခဲ့တဲ့ ၈လပိုင်း ၂၆ ရက်နေ့က NUGကို တစ်ခုတည်းသော တရားဝင် အစိုးရအဖြစ် အသိအမှတ် ပြုပေးရန် တောင်းဆိုတဲ့ ပြည်သူ့တောင်းဆိုမှုမှာ တောင်းဆိုသူဦးရေ ၂သိန်း၆သောင်း၈ထောင်ဦး ရှိခဲ့တဲ့အတွက်ကြောင့် ကိုရီးယားသမ္မတရုံးက (စဥ်ဆက်မပြတ် ဆက်ဆံမှုများ ပြုလုပ်သွားမည်)ဟု ဖြေကြားပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း ပေးပို့တဲ့ သဝဏ်လွှာကို ဆိုလိုတာဖြစ်ပါတယ်။>>

A. စစ်တပ်ကို စီးပွားရေးအရ အကူအညီ ဖြစ်စေနိုင်တဲ့ လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို ရပ်တန့်ပေးပါ။ ဥပမာအားဖြင့် ODA ပရောဂျက်များ ရှိပါက ရပ်တန့်ပေးပါ။ စစ်တပ်နှင့် ဆက်ဆံရေး အားလုံးကို ရပ်တန့်ပေးပါလို့ ပြောချင်ပါတယ်။

Q. အင်တာဗျူး ဖြေကြားပေးတဲ့အတွက် ကျေးဇူး အထူး တင်ရှိပါတယ်။ ကျွန်မသည်လည်း ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ ကိုရီးယားပြည်သူတစ်ယောက်အနေနဲ့ မြန်မာ့နွေဦး အရေးတော်ပုံ အမြန်ဆုံး အောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ သမ္မတကြီးလည်း ကျန်းမာရေး ဂရုစိုက်ပါရှင်။

A. ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။ မြန်မာ့အရေး အခြေအနေ၊ NUG ရဲ့ လက်ရှိ အနေအထားကို အခုလို ပြောကြားခွင့် ရတဲ့အတွက် SBSကို အထူး ကျေးဇူးတင်ရှိပါတယ်။ ကိုရီးယားသမ္မတကြီးနဲ့ ကိုရီးယားပြည်သူများအားလုံး ကျန်းမာချမ်းသာကြပါစေ။
Copyright Ⓒ SBS. All rights reserved. 무단 전재, 재배포 및 AI학습 이용 금지

스브스프리미엄

스브스프리미엄이란?

    많이 본 뉴스